ပေါက်ခေါင်း ဖေဖော်ဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုအပ်သည့်စိုက်ပျိုးရေးအခြေခံအချက်များနှင့် စိုက်နည်းစနစ်မှန်ကန်စွာစိုက်ပျိုးနိုင်ရေးတို့အတွက် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့များ၊ စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးနှင့် ကွင်းဝန်ထမ်းများက နွေစပါးစိုက်ကွင်းများအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် နွေစပါးစိုက်ပျိုးသည့်တောင်သူများ ပန်းတိုင်အထွက်နှုန်း တင်း ၁၂၀ ရရှိရေးအတွက် အခြေခံအချက်များဖြစ်သည့် စပါးမျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်ပျိုးမြေကောင်းမွန်ရေး၊ ဆည်ရေလုံလောက်စွာရရှိရေး၊ စိုက်ပျိုးနည်းစနစ်မှန်ကန်ကောင်းမွန်ရေးနှင့် သီးနှံစိုက်ပျိုးစွမ်းအားတိုးတက်စိုက်ပျိုးနိုင်ရေးတို့အတွက် မြို့နယ်ဦးစီးမှူးနှင့်ကွင်းဝန်ထမ်းများက တောင်သူများနှင့်တိုက်ရိုက်ထိတွေ့၍ တောင်သူအသိပညာပေးပြောကြားခြင်း၊ အစေ့ချကိရိယာ Seeder စနစ်၊ လက်ဆွဲကောက်စိုက်စက်တို့ဖြင့် နည်းစနစ်မှန်စွာစိုက်ပျိုးပြသခြင်းများ၊ ပျိုးဗန်းများဖြင့်ပျိုးထောင်ခြင်းများကို လက်တွေ့ဆောင်ရွက်ပေးလျက်ရှိသည်။ ယခုနှစ်နွေစပါးစိုက်ပျိုးရာသီတွင် ပေါက်ခေါင်းမြို့နယ်ဆည်ရေသောက်ဧရိယာအတွင်းရှိ လယ်မြေများတွင် နွေစပါး(၁၁၃၄၄)ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)