ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ အခြေခံသင်တန်းများ အခမဲ့ဖွင့်လှစ်မည်

ကန့်ဘလူ ဖေဖော်ဝါရီ ၂၁

နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကလေးငယ်များအသိပညာ ဗဟုသုတများတိုးပွားပြီး ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန် နှင့်ဒေသတွင်းလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပြင်ပ ပညာရှင်များ ပူးပေါင်း၍ နွေရာသီအခြေခံသင်တန်းများ (အခမဲ့)ကို လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းများမှာ မူလတန်း၊ အလယ်တန်းဆင့် အခြေခံပန်းချီသင်တန်း၊ အလယ်တန်းနှင့် အထက်တန်းဆင့် အခြေခံအင်္ဂလိပ်စာ (Grammar) သင်တန်း၊ စိတ်ပါဝင်စားသူလူငယ် လူရွယ်များအတွက် ချည်ထိုးနည်းသင်တန်း၊ ဌာနဆိုင်ရာများနှင့် ပြင်ပမှ စိတ်ပါဝင်စားသူများ အတွက် အခြေခံကွန်ပျူတာသင်တန်းများကို ဖေဖော်ဝါရီ ၂၆ ရက်မှစတင်ကာ ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်သည်။

ထိုသို့ သင်တန်းများဖွင့်လှစ်နိုင်ရေးအတွက် ကန့်ဘလူမြို့ပေါ်ရှိ အခြေခံပညာအထက်တန်း ကျောင်းများ၊ အ-လ-က၊ မူလွန်၊ မူလတန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်ဆရာကြီးများနှင့် ချိတ်ဆက်၍လည်းကောင်း၊ ပြင်ပပညာရှင်များနှင့် ချိတ်ဆက်၍လည်းကောင်း စိတ်ပါဝင်စားသော ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ သင်တန်းတက်ရောက်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကန့်ဘလူခရိုင်ရုံးတွင် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)