မိုးညိုမြို့နယ်တွင် လေဘေးသင့်နေအိမ်မှ မိသားစုနှင့် ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေခဲ့ရသော အိမ်ထောင်စု(၆)စုအား ထောက်ပံ့

မိုးညို နိုဝင်ဘာ ၃

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက လေဘေးသင့်နေအိမ်မှ မိသားစုနှင့် ကမ်းပြို ဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စုများအား ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ထောက်ပံ့ငွေနှင့် ပစ္စည်းများကို ကျေးရွာအရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ လက်ပံခုန် ကျေးရွာအုပ်စု၊ လူသစ်စုကျေးရွာတွင် အောက်တိုဘာ ၂၉ ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးမှ အမိုး လန်နေအိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ၂၀၀၀၀ ကျပ်၊ အိမ်ထောင်စုတစ်စုရှိ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ ၈၄၀၀ ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ ၂၈၄၀၀ ကျပ် ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ အိုးဘိုကျွန်းကျေးရွာအုပ်စု၊ အိုးဘိုကျွန်းကျေးရွာတွင် ဖြစ်ပွားနေသော ကမ်းပြိုဘေးမှ ကြိုတင်ပြောင်းရွှေ့နေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ၆၀၀၀၀၀ ကျပ်၊ အိမ်ထောင်စု (၆)စုရှိ လူဦးရေ (၂၂) ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ ၄၆၂၀၀ ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ ၆၄၆၂၀၀ ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး၊ (၆)အိမ်ထောင်စာအား တိုင်း ဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ တို့မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။
ကိုမင်း(မိုးညို)