ဖြူး ဖေဖော်ဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းလီမိတက်ရှိ အသင်းသားများအား သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့၊ မွန်းလွဲပိုင်းက လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းလီမိတက် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် ဖြူးမြို့နယ် လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါမအသင်းလီမိတက်ဥက္ကဋ္ဌ ဦးဝင်းလှိုင်က အသင်းရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်သွားရမည့်အခြေအနေများနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။ ဆက်လက်၍ အသင်းသားများမှ လုပ်ငန်းနှင့်ပတ်သက်၍ အသီးသီးတင်ပြကြရာအသင်းဥက္ကဋ္ဌနှင့် အသင်းအမှုဆောင်အဖွဲ့ဝင်များက ပြန်လည်ညှိနှိုင်းဆွေးနွေးပေးကြသည်။
ဆက်လက်၍ အသင်းသားများအား ထောက်ပံ့ငွေပေးအပ်ရာ အသင်းသားများထဲမှ လုပ်ငန်းခွင်ဝင်ပြီး သတ်မှတ်အခြေခံအစုပြည့်သည့် အသင်းသား (၁၅) ဦးအတွက် တစ်ဦးလျှင် (၁၀) သိန်းစီ၊ လုပ်ငန်းခွင်ဝင်ပြီး သတ်မှတ်အခြေခံအစုမပြည့်သေးသည့် အသင်းသား (၂၂) ဦးအတွက် (၅) သိန်းစီနှင့် သက်ပြည့်နာမကျန်း အသင်းသား (၃) ဦးအတွက် တစ်ဦးလျှင် (၁) သိန်းစီကို အသင်းဥက္ကဋ္ဌ၊ အသင်းအမှုဆောင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)