မြန်အောင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာ

မြန်အောင် ဖေဖော်ဝါရီ ၂၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်း အသိပညာပေးလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင် မြန်အောင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး လေ့လာခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြန်အောင်မြို့ အောင်ဇေယျအားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ ရွေးကောက်ပွဲကျင်းပရသည့် ရည်ရွယ်ချက်များ၊ တိကျ မြန်ဆန်မှုရှိသည့်အခြေအနေများ၊ ပြည်သူများ တိတိကျကျ နားလည်သဘောပေါက်မှုရှိစေရန် အသိပညာပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဟင်္သာတခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး  ဦးအောင်ကျော်မိုးက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြု၍ မဲပေးမှုအခြေအနေအဆင့်ဆင့်အား Power Point presentation ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်အောင်မြို့နယ်မှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု(၇၃)မှ မဲဆန္ဒရှင်ပြည်သူစုစုပေါင်း (၅၀၀)ဦးကျော် တက်ရောက်ကာ လက်တွေ့စမ်းသပ် မဲပေးလေ့လာခဲ့ကြကြောင်းနှင့် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများက ရှင်းလင်းပြသကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြန်အောင် (ပြန်/ဆက်)