မြန်အောင် ဖေဖော်ဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ ဝေဠုဝန်ပရိယတ္တိ စာသင်တိုက်တွင် ၂၀၂၄ ခုနှစ် (၁၃၈၅ ခုနှစ်) (၉၈) ကြိမ်မြောက် ဟင်္သာတ၊ အင်္ဂပူ၊ မြန်အောင်၊ ကြံခင်း (၄) မြို့နယ်လုံးဆိုင်ရာ ဝေဠုဝန်နိကာယစာတော်ပြန်ပွဲကြီး အောင်ဆုနှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နေ့လယ်က ဝေဠုဝန်ပရိယတ္တိ စာသင်တိုက်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဧည့်ပရိသတ်များ၊ စာအောင်အရှင်သူမြတ်များ၊ သြဝါဒစရိယနှင့် မဟာနာယက ဆရာတော်ကြီးများ၊ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီး အောင်စိုး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ဝင်းနှင့် ဌာနဆိုင်ရာများ တက်ရောက်၍ နမောတဿ ဘုရားရှိခိုးဖြင့် ရွတ်ဆို၍ အခမ်းအနားအားဖွင့်လှစ်ပြီး သဘာပတိသြဝါဒစရိယနှင့် နာယက ဆရာတော်ဘုရားကြီး၊ ဝေဠုဝန်နိကာယ စာတော်ပြန်ပွဲကြီး၏ မဟာနာယက မြန်အောင်မြို့နယ် သံဃနာယကဥက္ကဋ္ဌ (ဝေဠုဝန်ဂိုဏ်း) အင်ပင်ဝေဠုဝန်ဆရာတော် ဘဒ္ဒန္တမုနိန္ဒ ဆရာတော်ဘုရားကြီး ထံမှ ငါးပါးသီလခံယူဆောက်တည်၍ သြဝါဒကထာနာယူခဲ့ကြသည်။
အခမ်းအနားတွင် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က သာသနာရေးဆိုင်ရာများ လျှောက်ထား၍ သဘာပတိဆရာတော်ကြီးနှင့် နာယကဆရာတော်ကြီးများအား ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ စာအောင်သံဃာတော်အရှင်သူမြတ်များအား အောင်လက်မှတ်များ ကိုသဘာပတိ ဆရာတော် အင်ပင်ဝေဠုဝန်ဆရာတော် ဘဒ္ဒန္တမုနိန္ဒက ပေးအပ်ချီးမြှင့်၍ လှူဖွယ်ဝတ္ထုပစ္စည်းများကို အလှူရှင်များနှင့် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင် ဦးဆောင်သော ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် သြဝါဒစရိယနှင့် နာယကဆရာတော်ဘုရားကြီး၊ ဝေဠုဝန်နိကာယ စာတော်ပြန်ပွဲကြီး၏ မဟာနာယက မြန်အောင်မြို့နယ် သံဃနာယကဥက္ကဋ္ဌ (ဝေဠုဝန်ဂိုဏ်း) အင်ပင်ဝေဠုဝန်ဆရာတော် ဘဒ္ဒန္တမုနိန္ဒ ဆရာတော်ဘုရားကြီးထံမှ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချတရား နာကြားကာ ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ သည်။
၂၀၂၄ ခုနှစ် (၁၃၈၅ ခုနှစ်) (၉၈) ကြိမ်မြောက် ဟင်္သာတ၊ အင်္ဂပူ၊ မြန်အောင်၊ ကြံခင်း လေးမြို့နယ်လုံး ဆိုင်ရာ ဝေဠုဝန်နိကာယ စာတော်ပြန်ပွဲကြီးတွင် ဒီဃနိကာယ ဂုဏ်ထူးတန်းအောင် (၁)ပါး၊ ဝိနယဂုဏ်ထူးတန်းဝင် (၆)ပါး၊ အကြီးတန်း(၉)ပါး၊ အလတ်တန်း (၁၉)ပါး၊ အငယ်တန်း(၁၆)ပါး၊ မူလတန်း (၅၉)ပါး၊ အာဂုမ်စာပြန် (၁၆၂)ပါး ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)