ကလေးဝ ဖေဖော်ဝါရီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆွေးနွေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ဥပဒေအရာရှိ ဦးရဲဝင့်ကျော်က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေများအကြောင်း၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ဝင်းက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့နှင့် အဖွဲ့၏ လုပ်ငန်းတာဝန်များအကြောင်း၊ ကလေးဝမြို့မရဲစခန်းမှူး ဒုတိယရဲမှူး ကြည်လှိုင်က မှုခင်းကျဆင်းရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းအကြောင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးသိင်္ခက မီးဘေးအန္တရာယ်အကြောင်းနှင့် မူးယစ်လှုပ်ရှားမှုတပ်ဆွယ်မှ တပ်ကြပ်ကြီးအောင်သူက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်အကြောင်းတို့ကို ဆွေးနွေးဟောပြောခဲ့သည်။
လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆွေးနွေးဟောပြောပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးသက်ဟန်စိုးကျော်