ရွှေတောင် ဖေဖော်ဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ် Mobile Medical Unit ဖြင့် ကွင်းဆင်းကုသပေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ အမှတ် (၁)၊ အထည်စက်ရုံ (ရွှေတောင်) ရှိ အာမခံအလုပ်သမားများအား အခမဲ့ကျန်းမာရေးစစ်ဆေးမှုများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းကို လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်) နေပြည်တော်နှင့်၊ တော်ဝင်နဂါးရောဂါရှာဖွေရေးစင်တာတို့ ပူးပေါင်း၍ စက်ရုံ၊ အလုပ်ရုံရှိ အာမခံအလုပ်သမားများအား အထွေထွေရောဂါကုသရေး ဒေါက်တာမေမြတ်ထွန်း၊ ဒေါက်တာအိဌေးငြိမ်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ရွှေတောင်မြို့နယ် လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာမြင့်နှင့် ဝန်ထမ်းများက အမှတ် (၁) အထည်စက်ရုံ (ရွှေတောင်) ရှိ အာမခံ အလုပ်သမား (၄၇၅) ဦးတို့အား ရောဂါများအားဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ ECG စစ်ဆေးခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် အခြားကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ပြီး လိုအပ်သော ဆေးဝါးများကိုလည်း ထောက်ပံ့ပေးကုသပေးခြင်းများနှင့် လာရောက်ပြသသော အာမခံအလုပ်သမားများ၏ ကျန်းမာရေးအပေါ် မူတည်၍ စစ်ဆေးစောင့်ကြည့်လမ်းညွှန်ကုသခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ရွေ့လျားဆေးကုသယာဉ် Mobile Medical Unit ဖြင့် ကွင်းဆင်းကုသပေးခြင်းများကို ရွှေတောင်မြို့နယ်အတွင်းရှိ သဘာဝဓာတ်ငွေ့စက်ရုံ၊ ပြည်တောင်တန်း ရေနံမြေရှိ လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ဆက်လက်၍ ကွင်းဆင်းစစ်ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)