ကြံခင်း ဖေဖော်ဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ကလေးသူငယ်အလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ကလေးသူငယ်အလုပ်သမား ပပျောက်ရေး အသိပညာပေးသည့်အချက်များကို ကျောင်းသား/သူများ မှတ်သားထားပြီး မိမိဘဝ၊ တိုးတက် မြင့်မားပြီး ပညာတတ်လူငယ်များဖြစ်လာစေရေး ကြိုးစားကြရန် ပြောကြားပြီးနောက် မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်သဉ္ဇာဝင်းက ကလေးအလုပ်သမား၏ အဓိပ္ပာယ် ဖွင့်ဆိုမှု၊ ကလေးသူငယ်အလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်နှင့် နိုင်ငံတော်အတွက် ကလေးများရဲ့အနာဂတ်နှင့် ပညာသင်ကြားမှုဆိုင်ရာများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေတွင် ပါဝင်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်၊ ဥပဒေပါအခွင့်အရေးဆိုင်ရာများအား အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် အခြေခံပညာမူလတန်း (ပန်းရံစု) ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းလွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဟောပြောပွဲသို့ အခြေခံပညာမူလတန်း (ပန်းရံစု)ကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ကြကြောင်းနှင့် အသိပညာပေးနံရံကပ်စာစောင်တွင် ကလေးသူငယ်အလုပ်သမားပပျောက်ရေး အသိပညာပေးပြသခြင်းနှင့် စာအုပ်၊ စာစောင်များ ခင်းကျင်းပြသထားခြင်းကို လေ့လာဖတ်ရှုကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)