ကျွန်းစုမြို့တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာ ရောင်းချပေး၍  ကျန်းမာ ရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်

ကျွန်းစု ဖေဖော်ဝါရီ ၂၁

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်အရ ကျွန်းစုမြို့နယ်တွင် ပင်စင်လစာ ခံစားနေသော နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ယနေ့ နံနက်ပိုင်းမှ စတင်၍ မြန်မာ့စီးပွားရေးဘဏ်အတွင်း၌ ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာ့စီးပွားရေးဘဏ်၊ မန်နေဂျာ ဒေါ်လဲ့လဲ့နိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သွေးတိုးနှင့် ဆီးချိုသွေးချို စစ်ဆေးတိုင်းတာပေး​ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက လိုအပ်သော ဆေးဝါးများအား အခမဲ့ ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်အရ ပင်စင်လစာလာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းများအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများအား  စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း၊ ကျွန်းစုမြို့တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (၁၅၀)ကျော်ခန့်ရှိပြီး ယနေ့တွင် ပင်စင်လစာ လာရောက်ထုတ်ယူလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)