ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စိုက်ပျိုးခဲ့သည့် ကြက်သွန်နီစိုက်ခင်းများ စတင်သိမ်းဆည်း၊ တစ်ဧက ပိဿာချိန် ၅၃၀၀ ထွက်ရှိ

ပွင့်ဖြူ ဖေဖော်ဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆောင်းကြက်သွန်နီ ၁၁၂၅ ဧက စိုက်ပျိုးထားရှိကာ နှုတ်သိမ်းချိန် ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများက ဇန်နဝါရီလ တတိယပတ်လောက်ကစတင်၍ နှုတ်သိမ်းလျက်ရှိရာ ယနေ့အထိ ဆောင်းကြက်သွန်နီစိုက်ဧက ၂၉၄ ဧက ပြီးစီးပြီဖြစ်ကာ အထွက်နှုန်းအနေဖြင့် တစ်ဧက ကြက်သွန်နီပိဿာချိန် ၅၃၀၀ ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆောင်းကြက်သွန်နီဧက ၁၁၂၄ ဧက စိုက်ပျိုးရန် လျာထားပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ မြေပြင်စိုက်ပြီးဧက ၁၁၂၅ ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

"ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့အတွက် ရည်ရွယ်ပြီးတော့ ဆောင်းကြက်သွန်နီဧက ၁၁၂၄ ဧက လျာထားစိုက်ပျိုးခဲ့ရာ မြေပြင်စိုက်ပျိုးနိုင်မှုဧက ၁၁၂၅ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ဒေသခံတောင်သူတွေကို ဆောင်းကြက်သွန်နီ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး တစ်ဧက အထွက်နှုန်း တိုးတက်စေဖို့၊ စားသုံးသူပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေဖို့အတွက် လိုအပ်တဲ့ မျိုးကောင်းမျိုးသန့်တွေ၊ သွင်းအားစုတွေ၊ အခြေခံစိုက်ပျိုးနည်းစနစ်တွေစတဲ့ စိုက်ပျိုးရေးနည်းပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့လို့ ကြက်သွန်နီစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းမှုရှိပါတယ်။ ယခုဆိုရင် တောင်သူတွေက ကြက်သွန်နီစိုက်ခင်းတွေကို အခြားနွေသီးနှံ ပြန်လည်စိုက်ပျိုးနိုင်ဖို့အတွက် ဇန်နဝါရီ တတိယပတ်လောက်ကစပြီး နှုတ်သိမ်းခဲ့ပြီး ယနေ့အထိ ၂၉၄ ဧက နှုတ်သိမ်းပြီးပြီဖြစ်ပါတယ်။ အထွက်နှုန်းအနေနဲ့ တစ်ဧက ကြက်သွန်နီ ပိဿာချိန် ၅၃၀၀ လောက် ထွက်ရှိပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြ၍ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ကြက်သွန်နီ စိုက်ပျိုးရေးလုပ်ငန်းကို ဆည်တော်ကျေးရွာ၊ မဲဇလီကျေးရွာ၊ ကြူဝန်းကျေးရွာ၊ အနောက်လေးအိမ်ကျေးရွာ၊ ထန်းတောကျေးရွာ၊ ညောင်ပင်ဝိုင်းကျေးရွာ၊ ထူးပေါက်ကျေးရွာ၊ ကျွဲခြံကျေးရွာ၊ လယ်မကျေးရွာ၊ အင်းနက်ကျေးရွာနှင့် မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။ ယခုနှစ်တွင် ဆောင်းကြက်သွန်နီစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းပြီး ယခင်နှစ်ကထက် အထွက်နှုန်းများ ပိုမိုရရှိသည့်အပြင် ရောင်းချရာတွင်လည်း ကြက်သွန်နီဈေးနှုန်း ကောင်မွန်နေတာကြောင့် ဒေသခံတောင်သူများ လုပ်ငန်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )