သရက်ချောင်း ဖေဖော်ဝါရီ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများအား လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲအချိန်မှစ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်း ပင်စင်စား(အငြိမ်းစား)များအား ပင်စင်လစာငွေများထုတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားသောက်ကုန်များရောင်းချပေးလျက်ရှိသည်။
ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းသက် ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်း ပင်စင်စား(အငြိမ်းစား)များအား ပင်စင်လစာငွေများ စနစ်တကျထုတ်ပေးလျက်ရှိသည်။
ထို့နောက် သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဌာနဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦး ဦးဆောင်၍ ဆရာ/ဆရာမများက နိုင်ငံ့ဝန်ထမ်း ပင်စင်စား(အငြိမ်းစား)များအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြထွေးသွယ်နှင့် ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်း ပင်စင်စား(အငြိမ်းစား)များအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။
ထို့သို့ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်း ပင်စင်စား(အငြိမ်းစား)များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားသောက်ကုန်များရောင်းချပေးခြင်းဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကြည့်ရှုအားပေးကူညီခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)