ကြံခင်းမြို့နယ်တွင် ဘေးအန္တရာယ်ကင်း၍ လုံခြုံစိတ်ချရသော ကာကွယ်ဆေးထိုးနှံခြင်း သင်တန်းဖွင့်လှစ်

ကြံခင်း ဖေဖော်ဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ တစ်မျိုးသားလုံးကျန်းမာသက်ရှည်စေရေးအတွက်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဘေးအန္တရာယ်ကင်း၍ လုံခြုံစိတ်ချရသော ကာကွယ်ဆေးထိုးနှံခြင်း  IMMUNIZATION IN PRACTICE (HP)  သင်တန်းကို  မြို့နယ်ပြည်သူ့ဆေးရုံရှိ သင်တန်းဆောင်ခန်းမတွင် ၁၉-၂-၂၀၂၄ ရက်နေ့နံနက်ပိုင်းက ဖွင့်လှစ်ပို့ချပေးကြောင်း  သိရသည်။

အဆိုပါသင်တန်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူး  ဒေါက်တာဝင်းနိုင် ဦးဆောင်သော  မြို့နယ်ကျန်းမာရေးအဆင့်(၁) ဦးကျော်ကျော်ဆန်းနှင့် ကျန်းမာရေးအဆင့်(၂) ဦးအောင်ဆန်းထွန်းတို့က မြို့နယ်အတွင်းရှိ ဘက်စုံသားဖွားဆရာမများ၊ ကျန်းမာရေးမှူးများ၊ ကျေးလက်ကျန်းမာရေးဌာနများမှ ကျန်းမာရေးဝန်ထမ်းများအား စိတ်ချယုံကြည်သော ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကာကွယ်ဆေးများ၏ အကျိုးသက်ရောက်ပုံအားလည်းကောင်း၊ ဆုံဆို့၊ ကြက်ညှာ၊ ဝက်သက်၊ တီဘီစသောရောဂါ ကာကွယ်ဆေးများ၏ အကျိုးရလဒ်များ၊ ၎င်းရောဂါပိုးများ၏ဆိုးကျိုးနှင့် သေဆုံးမှုအထိဖြစ်ပွားနိုင်သော လက္ခဏာဘာသာရပ်များအား ပို့ချပေးကြသည်။

ထို့နောက်  မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူးဒေါက်တာဝင်းနိုင်က သင်တန်းသားများအား  "ဝက်သက်ရောဂါ၏ လက္ခဏာရပ်များမှာ အဘယ်နည်း"၊ "ရောဂါပိုးစတင်ဝင်ရောက်ပြီး လက္ခဏာစတင်ဖြစ်ပွားပုံ"၊ "ဝမ်းပျက်၊ ဝမ်းလျှောခြင်းကြောင့်  နောက်ဆက်တွဲ ပြဿနာများ မည်သို့ဖြစ်မည်နည်း" စသောမေးခွန်းများဖြင့် အပြန်အလှန်မေးမြန်းကြကြောင်းနှင့် အဆိုပါသင်တန်းကို သင်တန်းသား(၆၀)ဦးဖြင့် ဖေဖော်ဝါရီလ(၁၉)ရက်နေ့မှ (၂၂)ရက်နေ့ထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)