ပေါက်မြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲ ကျင်းပ

ပေါက် ဖေဖော်ဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပေါက်ပင်ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးနေဇော်က ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းရမည့် အသက်အရွယ်၊ စစ်မှုထမ်းရမည့်ကာလနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်သည်နှင့်ချက်ချင်း စစ်မှုထမ်းရန် ခေါ်ယူမည်မဟုတ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ စနစ်တကျရေးဆွဲပြီးချိန်မှသာ စစ်မှုထမ်းစနစ် စတင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးအောင်မိုးလွင်က စစ်မှုထမ်းဥပဒေဆိုင်ရာ သိသင့်သိထိုက်သည့်အချက်များအားလည်းကောင်း၊ အတွင်းရေးမှူး ယာယီရဲမှူး တင်ဝင်းအောင်က စစ်မှုထမ်းအဓိပ္ပာယ်နှင့် ပြည်သူ့စစ်မှုထမ်းခြင်း ဥပဒေနှင့်ပတ်သက်သည့် အချက်အလက်များအား ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ  ဖြန့်ဝေခဲ့ကြသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ စုစုပေါင်း(၁၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)