ပွင့်ဖြူ ဖေဖော်ဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနက ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ စာသင်ကျောင်းအခြေပြု မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်ဖြူမြို့(အ.ထ.က)ကျောင်းနှင့် ကုန်းဇောင်းကျေးရွာ (အ.ထ.က)ကျောင်းတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင် ဦးဆောင်သော သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် ကုန်းဇောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံ ကျောင်းအုပ်ဆရာ/ဆရာမများနှင့်တွေ့ဆုံ၍ မကြာမီကာလတွင် ဖြေဆိုကျင်းပတော့မည် တက္ကသိုလ်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မီးလောင်မှု/ မီးလန့်မှုများမဖြစ်စေရေး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ထားရှိသော မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို သိရှိလိုက်နာနိုင်ရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက အခြေခံပညာအထက်တန်းကျောင်းများရှိ စာသင်ခန်းများတွင် တပ်ဆင်အသုံးပြုထားသော လျှပ်စစ်မီးကြိုးများ၊ မီးသီးများနှင့် လျှပ်စစ်မိန်းခုံများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိ၊ ကျောင်းဝန်းကျင်မီးလောင်စေနိုင်သော လောင်စာများမရှိအောင် သန့်ရှင်းရေးဆောင်ရွက်ထားခြင်း ရှိ/မရှိနှင့် အရေးပေါ်မီးငြှိမ်းသတ်နိုင်သော မီးသတ်ဆေးဘူးများ အသင့်အနေအထားအသုံးပြု၍ ရ မရ ရေလှောင်ကန်များတွင် ရေဖြည့်တင်းဆောင်ရွက်ထားမှု ရှိ/မရှိ စသည့် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို အကြံပြုဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)