သဲကုန်း ဖေဖော်ဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့်စက်မှုလယ်ယာဦးစီးဌာန အမှတ်(၉၄)စက်မှုလယ်ယာစခန်းတို့ပူးပေါင်း၍ လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က သဲကုန်းမြို့နယ်၊ နွယ်ကောက်ကျေးရွာအုပ်စု၊ တဲကြီးကုန်းကျေးရွာ၊ ကွင်းအမှတ်(၉၁၃)ရှိ တောင်သူဦးမောင်ဝင်း၏ လယ်မြေ(၁ဧက)တွင် (YAR)စပါးမျိုးစိုက်ပျိုးဆောင်ရွက်မှုကွင်းသရုပ်ပြပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးအောင်ဝင်းက လက်ဆွဲကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးရာတွင် ပျိုးပင်များစိုက်နည်း စနစ်တကျစိုက်ပျိုးရေးနှင့် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရာတွင် ကောက်စိုက်လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းပေးနိုင်ပြီး လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှု နည်းပါးခြင်း၊ ပျိုးထောင်ဧရိယာအနည်းငယ်သာလိုအပ်ခြင်း၊ လုပ်သားအင်အားနည်းပါးခြင်းနှင့် သက်သာစွာဖြင့် စိုက်ပျိုးနိုင်ခြင်း၊ လုပ်ငန်းတွင်ကျယ်၍ ပိုမိုတိုးတက်ပြီးစီးခြင်း၊ ပင်ပွားနှုန်းကောင်းမွန်ပြီး စပါးအထွက်နှုန်းကောင်းမွန်စေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှုကြောင့် တစ်နေ့ကို(၅)ဧကကျော် စိုက်ပျိုးနိုင်သဖြင့် လုပ်ငန်းတွင်ကျယ်၍ ပိုမိုတိုးတက်ပြီးစီးကြောင်း စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။
အဆိုပါ လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးဆောင်ရွက်မှုအား လက်တွေ့ပြသခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ သဲကုန်းမြို့နယ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ကိုကျော် (ပြန်/ဆက်)