တောင်ငူခရိုင်ပြည်သူ့ဆေးရုံကြီး၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး

တောင်ငူ ဖေဖော်ဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် တောင်ငူခရိုင်အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ အထူးကုပြင်ပလူနာဌာန၌ လစဥ် ၂၁ ရက်နေ့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က  အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဆေးပညာသမားတော်၊ အရေပြားအထူးကု၊ အကြောအဆစ်ပြန်လည်သန်စွမ်းရေး အထူးကု၊ ထိခိုက်ဒဏ်ရာနှင့်အရိုးအထူးကု၊ မျက်စိအထူးကု၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု၊ ခွဲစိတ်အထူးကုနှင့်သွားအထူးကုဒေါက်တာများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည့်ဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာသို့   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဇော်ကိုကို (တောင်ငူ)