ငပုတော ဖေဖော်ဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပုသိမ်ခရိုင် လေတပ်စခန်းဌာနချပ်မှူးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ ချင်းတိုင်းရင်းသားများ၊ အနွယ်တော်တိုင်းရင်း သားများ တက်ရောက်ကြသည်။
ပထမဦးစွာ အခမ်းအနားကို သဘာပတိကြီးက မင်္ဂလာမောင်း (၃)ချက်တီး၍ စတင်ဖွင့်လှစ်၍ သဘာပတိကြီးက အဖွင့်မိန့်ခွန်းပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းက နှုတ်ခွန်း ဆက် အမှာစကားပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုတိုင်းရင်းသားရေးရာ လူမျိုးများ ရေးရာဝန်ကြီးမှ ပေးပို့လာသည့် ချင်းအမျိုးသားနေ့ သဝဏ်လွှာကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရေးသားဝန်ကြီး ဦးစောလင်းခယ်က ဖတ်ကြားပြီး ဧရာဝတီတိုင်းဒေသကြီး ချင်အမျိုးသားစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက ချင်းအမျိုးသားနေ့ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်လင်းပြောကြားပြီး ချင်းတိုင်းရင်းသူတစ်ဦးမှ နောက်ခံသမိုင်းအကြောင်းအရာများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး၊ ချင်းတိုင်းရင်သားစာပေ ယဉ်ကျေးမှုအသင်းအတွင်းရေးမှူးက ကျေးဇူးတင်စကားပြောကြားပြီး ချင်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ချင်းရိုးရာ အကအလှများဖြင့် ဖျော်ဖြေနေမှုအား ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ မိတ်ဆုံစားပွဲသို့ တက်ရောက်ပြီး ချင်းတိုင်းရင်းသားများ၊ အနွယ်တော် တိုင်းရင်းသားများနှင့် အတူ ဂုဏ်ပြုနေ့လယ်စာများသုံးဆောင်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငပုတောမြို့နယ် လိပ်ချောင်း ကျေးရွာအုပ်စု တောင်သူ ဒေါ်မြင့်မြင့်အေး၏ လယ်မြေတွင် Super sun 41 နေကြာများ အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေအား ကြည့်ရှုပြီး လိုအပ်သည်များမှာကြားသည်။
ဆက်လက်ပြီး ငပုတောမြို့နယ် ဖျန်ရေကျော်ကျေးရွာတွင် ရေငန်တား ယာယီချောင်းပိတ်တမံ ဆောက်လုပ်နေမှုအား ကြည့်ရှုပြီး လိုအပ်သည်များမှာကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သက္ကယ်ချောင်းကျေးရွာ တောင်သူ ဦးမောင်မောင်စိုး၏ လယ်မြေတွင် GW-11 နွေစပါးစိုက်ခင်းအား ဓာတ်မြေဩဇာကြဲပက်နေမှု အခြေအနေအား ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများထံ မှာကြားခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)