ဘားအံ ဖေဖော်ဝါရီ ၂၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံနှင့်အဆင့်မြင့်မော်တာအပ်ချုပ်စက် သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၈ နာရီခွဲက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့သင်တန်းဆင်းသင်တန်းသူများအနေဖြင့် မိမိတို့သင်ကြားတတ်မြောက်ခဲ့သည့် အိမ်တွင်းမှုအခြေခံနှင့် အဆင့်မြင့်မော်တာအပ်ချုပ်စက်အတတ်ပညာဖြင့် မိသားစုဝင်ငွေရရှိရေး အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို လုပ်ကိုင်ရင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းထူးချွန် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား အပ်ချုပ်စက်တစ်လုံးစီ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်က သင်တန်းဆင်း အောင်လက်မှတ်များပေးအပ်ချီးမြှင့်ကာ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးဝင်းနိုင်က သင်တန်းဆရာမအား အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်သည်။
ယင်းနောက် သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး အားပေးစကားများ ပြောကြားခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သင်တန်းခန်းမအနီးတွင် စိုက်ပျိုးထားရှိသော ဘူး၊ ငရုတ်အစရှိသော စားဖိုဆောင်သီးနှံ စိုက်ခင်းများကို ကြည့်ရှုအားပေးခဲ့ကြပြီး သင်တန်းခန်းမအတွင်း သင်တန်းဆင်းသင်တန်းသူများကိုယ်တိုင် ချုပ်လုပ်ထားသော သင်တန်းဆင်းလက်ရာများကို ကြည့်ရှုအားပေးကာ သင်တန်းသူများအား အားပေးစကားများပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်ပြုလုပ်သော ပြည်သူ့ စစ်မှုထမ်းဥပဒေအကောင်အထည်ဖော်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ဆက်လက်ကျင်းပရာ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများမှ ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြေကြေညက်ညက် သိရှိနားလည်သဘောပေါက်စေရန်အတွက် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်များတွင် ဥပဒေရှင်းလင်းပွဲများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ၊ အသိပညာ ပေးရှင်းလင်းပွဲများကျင်းပပြုလုပ်၍ အများပြည်သူနားလည်သဘောပေါက်အောင် ဆောင်ရွက်ရန်လိုကြောင်း အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဒုတိယဥက္ကဋ္ဌ(၁) အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်နိုင်ရေး အဓိကကျသော မြေပြင်စာရင်းကောက်ယူနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားပြီး ဒုတိယဥက္ကဋ္ဌ(၂) လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်က လူနေအိမ်၊ တက္ကသိုလ်၊ ကျောင်း၊ လူစည်ကားရာနေရာများတွင် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဆွေးနွေးတင်ပြကာ အဖွဲ့ဝင်များက သက်ဆိုင်ရာတာဝန်ရှိသူများအား သင်တန်းများပို့ချပေးနိုင်ရေး၊ ဥပဒေချပြရှင်းလင်းရေးနှင့် အရေးကြီးလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)