ထားဝယ် ဖေဖော်ဝါရီ ၂၁
ပူပြင်းခြောက်သွေ့သည့် နွေရာသီရောက်ရှိလာပြီဖြစ်သောကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် ထားဝယ်ခရိုင်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ပြည်သူများအား မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်နိုင်ရေးနှင့် သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေး လက်ကမ်းစာစောင်၊ အရေးပေါ်ဆက်သွယ်နိုင်သည့် တယ်လီ ဖုန်း နံပတ် နှင့် 191 စတစ် ကာများကို ယနေ့နံနက်ပိုင်းတွင် ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့နောက် ထားဝယ်ခရိုင် မီးသတ်ဦးစီးမှူးဦးသိန်းဇော်ဝင်းဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက လူစည်ကားရာနေရာများဖြစ်သည့် ထားဝယ်မြို့၊ ကမြောကင်းတံတားဂိတ်နှင့် ပေါက်တိုင်းဂိတ်များတွင် ခရီးသွားလာပြည်သူများနှင့် ဒေသခံပြည်သူများအား အသိပညာပေးလက်ကမ်းစာစောင်၊ အရေးပေါ်ဆက်သွယ်နိုင်သည့် တယ်လီဖုန်းနံပတ်နှင့် 191 စတစ်ကာများ ဖြန့်ဝေခဲ့ကြသည်။
အသိပညာပေးလက်ကမ်းစာစောင်တွင် မီးလောင်မှုဖြစ်ရသည့်အကြောင်းအရင်းများ၊ မိမိနေအိမ်တွင် မီးဘေးအန္တရာယ် ကင်းဝေးစေရန်ဆောင်ရွက်ရမည့်အချက်များ၊ မီးသတ်ဆေးဘူးအသုံးပြုနည်း၊ မီးဘေးနှင့်သဘာဝဘေးကြုံတွေ့လာပါကဆက်သွယ် ဆောင်ရွက်ရန် စသည့်ပညာပေးအချက်အလက်များပါဝင်သည့် မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များနှင့် မီးသတ်တပ်ဖွဲ့သို့အရေးပေါ် ဆက်သွယ်အကူအညီ တောင်းခံနိုင်သည့် တယ်လီဖုန်း နံပတ် 191 စတစ်ကာ အသေးများအား မော်တော်ယာဉ်၊ ဆိုင်ကယ်နှင့် ဘေးတွဲ ဆိုင်ကယ်များတွင်ကပ်ပေးခြင်း၊ 191 စတစ်ကာများကိုအများ ပြည်သူမြင်နိုင်သောနေရာများ၊ ကပ်နှံပေးခြင်းများကိုကျယ်ပြန့်စွာ ဝေငှဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ငွေဇင်ယော်(ထားဝယ်)