ဘိုကလေးမြို့နယ်တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲကျင်းပ

ဘိုကလေး ဖေဖော်ဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် ယမန်နေ့ နံနက်(၉)နာရီအချိန်၌ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူးဆောင်ရွက်သော သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွား သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနား ကျင်းပ‌ဆောင်ရွက်သည်။

အဆိုပါ အခမ်းအနားသို့ ဖျာပုံခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး၊ ဒေါ်ဝင်းပပကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ ဘိုကလေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အပါ အဝင် ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ကြမည့် သင်တန်းသား/သူများ တက်ရောက်ကြပြီး အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက မိမိတို့ဒေသများအတွင်း သဘာဝဘေးအန္တရာယ် လျော့ပါးရေးအတွက် ကြိုတင် ကာကွယ်နိုင်ရေးလုပ်ငန်းစဉ်များအား ပြည်သူများ ကျယ်ပြန့်စွာ သိရှိနိုင်ရေးအတွက် ယခုသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းသို့ တက်ရောက်ကြမည့် စေတနာ့ဝန်ထမ်း သင်တန်းသား/သူများအနေဖြင့် မိမိတို့ရပ်ရွာဒေသများ၏ လူထုအား ယခုသင်တန်းသားမှ ရရှိသည့် အသိပညာများအား ကျယ်ပြန့်စွာ ပြန်လည်ဝေမျှ အသိပညာပေးရန် အမှာစကား ပြောကြားသည်။

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းပပကျော်က သဘာဝဘေးလျော့ပါးရေးအတွက် စေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက စေတနာ့ဝန်ထမ်း သင်တန်းသား/သူများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

အဆိုပါ သင်တန်းသည် ယနေ့ ဖေဖော်ဝါရီ (၂၀)မှ စတင်ကာ ဖေဖော်ဝါရီ (၂၃)ရက်နေ့အထိ (၄)ရက်တာဖွင့်လှစ်ကာ နည်းပြများအဖြစ် ဖျာပုံခရိုင်နှင့် ဘိုကလေးမြို့နယ် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဘိုကလေးမြို့နယ် မီးသတ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့မှ တာဝန်ယူဆောင်ရွက်ကြပြီး  ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာ ဝေါဟာရများနှင့် သဘောတရားများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်းဆိုင်ရာများ၊ ရပ်ရွာလူထုအခြေပြုဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာများ၊ ရှေးဦးပြုစုခြင်းဆိုင်ရာများ၊ စိတ်ပိုင်း၊ လူမှုပိုင်းဆိုင်ရာ ပြန်လည်ထူထောင်မှုဆိုင်ရာများ ပို့ချသွားမည်ဖြစ်ပြီး ဘိုကလေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ စေတနာ့ဝန်ထမ်းလူငယ် (၃၀)ဦး တက်ရောက်ကြကြောင်း သိရသည်။

မိုးစက် (ဘိုကလေး)