မြိတ်မြို့ သီတဂူဇီဝိတ စက္ခုဒါနဆေးရုံ အခမဲ့ဆေးကုသခန်း၌ သံဃာတော်နှင့် သီလရှင်များ၏ ကျန်းမာရေးစစ်ဆေးကုသပေးနေသည့်အပြင် မျက်စိရောဂါဝေဒနာကိုပါ အခမဲ့ကုသပေးမည်

မြိတ်    ဖေဖော်ဝါရီ   ၂၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကန်ဖျားနယ်မြေ တပ်ပြင်ရပ် စပါးရွှေဝါလမ်းရှိ သီတဂူဇီဝိတ စက္ခုဒါနဆေးရုံ ဆေးကုသခန်းတွင် မြိတ်ခရိုင်အတွင်းရှိ သံဃာတော်နှင့် သီလရှင်များအား ကျန်းမာရေး အခမဲ့စမ်းသပ်စစ်ဆေးကုသပေးသည့်အပြင် ဖေဖော်ဝါရီ(၂၃)ရက်မှစတင်ကာ သံဃာတော်နှင့် သီလရှင်များ၏ မျက်စိရောဂါ ဝေဒနာများကိုပါ အခမဲ့ စမ်းသပ်စစ်ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သီတဂူဇီဝိတ စက္ခုဒါနဆေးရုံ ဆေးကုသခန်းတွင် ပုံမှန်အားဖြင့် အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ အထိ သံဃာတော်နှင့် သီလရှင်များကို ဆရာဝန်ကြီးများဖြင့် အခမဲ့ ကျန်းမာရေး စစ်ဆေးကုသပေးခြင်း (၂၀၂၃) ခုနှစ် ဇွန်လမှစတင်၍  ဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိအချိန်အထိ သံဃာတော်(၁၃၂)ပါး၊ သာမဏေ(၁၇၉)ပါး၊ သီလရှင်(၂၃)ပါးနှင့် ကျောင်းသား(၂၄)ဦး စုစုပေါင်း(၃၅၈)ပါးကို ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ခဲ့သည်။

ထို့သို့ သီတဂူဇီဝိတ စက္ခုဒါနဆေးရုံ ဆေးကုသခန်းတွင် သံဃာတော်နှင့် သီလရှင်များ၏ ကျန်းမာရေးစစ် ဆေးကုသ စောင့်ရှောက်ပေးနိုင်ခဲ့သည့်အပြင် သံဃာတော်နှင့် သီလရှင်များ၏ မျက်စိရောဂါဝေဒနာများကိုပါ မျက်စိရောဂါ စမ်းသပ်စက်များဖြင့် ဖေဖော်ဝါရီ(၂၃)ရက်မှစတင်ကာ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့ နံနက်(၉)နာရီမှ(၁၁)နာရီအထိ အခမဲ့စမ်းသပ်စစ်ဆေးကုသပေးသွားမည်ဖြစ်သည်။

မြိတ်ခရိုင်အတွင်းရှိ သံဃာတော်နှင့် သီလရှင်များအား အခမဲ့ဆေးကုသပေးခြင်းကို မြိတ်မြို့ သီတဂူဇီဝိတစက္ခုဒါနဆေးရုံ ဩဝါဒစရိယဆရာတော်များ၏လမ်းညွှန်မှု၊ ဆေးရုံစီမံစောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်မှုဖြင့် အထူးကုဆရာဝန်ကြီးများက ပုံမှန်အတိုင်း ကျန်းမာရေးစမ်းသပ် စစ်ဆေးကုသပေးမည့်အပြင်  မျက်စိရောဂါ ဝေဒနာများကိုပါအခမဲ့ စမ်းသပ်ကုသပေးသွားမည် ဖြစ်သည်။ ထို့အတူ ပြည်သူများ၏ မျက်စိရောဂါဝေဒနာများ ကိုပါ စရိတ်မျှပေး အစီအစဉ်ဖြင့် စမ်းသပ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)