ပွင့်ဖြူမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ ဒေသခံပြည်သူများ သိရှိနားလည်စေရန် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ပွင့်ဖြူ ဖေဖော်ဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအသိပညာပေးဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၀ ရက်၊ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ဓမ္မာရုံ၌ ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ချက်များနှင့်ပတ်သက်၍ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်သဘောပေါက်စေရန်အတွက် အသိပညာပေးဆွေးနွေးခြင်းများကို ရပ်ကွက်/ကျေးရွာများသို့ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်ရှယ်ရတနာဦးက ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းချက်များနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းပိုင်စိုးက လူမှုကွန်ယက်စာမျက်နှာများတွင် ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့် အတင်းအဓမ္မပေါ်တာဆွဲခြင်း၊ ဖမ်းဆီးခြင်း စသည့် ရေးသားဖော်ပြချက်များမှာ လုပ်ကြံရေးသားသည့် သတင်းတု၊ သတင်းမှားမျာသာဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးဝင်းဦးက ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လှည့်ကင်း၊ ပတ်ကင်းများဖြင့် လုံခြုံရေးဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ဒေသခံပြည်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)