သရက်မြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

သရက် ဖေဖော်ဝါရီ ၂၁

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ခရိုင်ခန်းမ၌ ဆောင်ရွက်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲနှင့် ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ(၂၈၀)ဦးခန့် တက်ရောက်ကြသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၌ ၁၉၅၉ခုနှစ် မတ်လ(၁၁)ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်း အက်ဥပဒေအမည်ဖြင့်ပြဋ္ဌာန်းကာ အဆိုပါအက်ဥပဒေကို(၁၉၆၂)ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့မှာ စတင်အာဏာတည်ပြီး၊ ၂၀၁၀ပြည့်နှစ်၌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၁၉၅၉ ခုနှစ်၊ ပြည်သူ့စစ်မှုထမ်းအက်ဥပဒေ အမှတ်၂၇/၂၀၁၀ ဖြင့် ရုပ်သိမ်းခဲ့ပြီး ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ(၄)ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအသစ်ကို ထပ်မံပြဋ္ဌာန်းခဲ့ပြီး အဆိုပါ ဥပဒေပုဒ်မ ၁(ခ)တွင် ဤဥပဒေသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက်တွင် စတင်အာဏာတည်ရမည်ဟု ဖော်ပြထားသည်ဟု ပြောကြားပေးခဲ့သည်။

ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်နွေးနွေးလင်းက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသူ၊ ပြည်သူ့စစ်မှုထမ်းကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရရှိသူများကို ပြောကြားရာမှာစစ်မှုထမ်းရမည့် အသက်အရွယ်မှာ အမျိုးသားဖြစ်ပါက အသက်(၁၈)နှစ်ပြည့်ပြီး (၃၅)နှစ်ထက် မကျော်လွန်သူအမျိုးသမီးဖြစ်ပါက အသက်(၁၈)နှစ်ပြည့်ပြီး (၂၇)နှစ်မကျော်လွန်သူ၊ ကျွမ်းကျင်သူအမျိုးသားဖြစ်ပါက အသက်(၁၈)နှစ်မှ (၄၅)နှစ်အတွင် အမျိုးသမီးဖြစ်ပါက အသက်(၁၈)နှစ်မှ(၃၅)နှစ်အတွင်းဖြစ်ကြောင်းနှင့် စစ်မှုထမ်းရမည့်ကာလမှာ နိုင်ငံသားတိုင်း(၂၄)လဖြစ်ပြီး စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားများအနက် တပ်မတော်စက်မှုလက်မှု ပညာသည်များအဖြစ် အမှုထမ်းရန် ဆင့်ခေါ်ခြင်းခံရသူများမှာ(၃၆)လ ဖြစ်သည်။ နိုင်ငံတော်၏ အရေးပေါ်အခြေအနေဖြစ်ပေါ်လျှင် အစိုးရအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းရန် ကာလကို (၅)နှစ်အထိ တိုးမြှင့်သတ်မှတ်နိုင်ကြောင်း ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)