ဘိုကလေးမြို့နယ်တွင် (၃၁)ကြိမ်မြောက် နိကာယ်ငါးရပ်စာမေးပွဲ စာအောင်ဆုနှင်းသဘင်ကျင်းပ

ဘိုကလေး ဖေဖော်ဝါရီ ၂

ဗုဒ္ဓသာသနာတော် ထွန်းကားတည်တံ့ရေးအတွက် အခြေခံအကျဆုံးဖြစ်သော ပရိယတ္တိသာသနာ တိုးတက်ပြန့်ပွားရေးကိုရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပဉ္စနိကာယ မဟာသီဝံကျောင်းတိုက်တွင် မြို့နယ်နိကာယ်သာသနာတော် ထွန်းလင်းတောက်ပရေးအသင်းမှ ကြီးမှူး၍ (၃၁)ကြိမ်မြောက် နိကာယ်ငါးရပ်စာမေးပွဲကို ဖေဖော်ဝါရီ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီ(၁၈)ရက်နေ့အထိ (၃)ရက်တိုင် ကျင်းပ‌ဆောင်ရွက်ခဲ့ပြီး ယမန်နေ့နေ့လယ်(၁)နာရီ အချိန်တွင် စာအောင်သံဃာတော်များနှင့် ရှင်သာမဏေများအား စာအောင်ဆု ပေးအပ်ခြင်းသဘင်အခမ်းအနား ကျင်းပပြုလုပ်သည်။

အဆိုပါ စာမေးပွဲသို့ ဖျာပုံမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဘိုကလေးမြို့နယ်အတွင်းမှ သံဃာတော်နှင့် ရှင်သာမဏေ မဟာဝါတန်း၊ ပါရဇိကတန်း၊ စူဠပဗ္ဗ ပထမအဆင့်၊ စူဠပဗ္ဗဒုတိယအဆင့် စုစုပေါင်း(၁၄၀)ပါး ဝင်ရောက်ဖြေဆိုကြကြောင်းနှင့် ဖေဖော်ဝါရီ(၁၉)ရက်နေ့တွင် စာအောင်စာရင်း ထုတ်ပြန်ချက်အရ (၈၈)ပါးအောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း (၆၂.၈၅)ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ယနေ့ကျင်းပသည့် စာအောင်ဆုနှင်းသဘင်သို့ စာမေးပွဲကျင်းပရေး ဦးဆောင်ဆရာတော်ကြီးများ၊ မြို့နယ်နိကာယ်သာသနာတော် ထွန်းလင်းတောက်ပရေးအသင်းဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ စာမေးပွဲကျင်းပရေးကော်မတီဝင်များ၊ စာမေးပွဲကျင်းပနိုင်ရေးနှင့် စာအောင်သဘင် ကျင်းပနိုင်ရေးအတွက် ကဏ္ဍအသီးသီးမှ ပါဝင်လှူဒါန်းမှုပြုခဲ့ကြသည့် အလှူရှင်များ တက်ရောက်ကြပြီး စာအောင်သဘင်အား  နမောတဿ(၃)ကြိမ်ရွတ်ဆိုကာ ဖွင့်လှစ်ခဲ့သည်။

ထို့နောက် စာအောင်သဘင် တက်ရောက်ကြသူများက မြ‌တောင်ဒုတိယနာယက ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်တို့က သဗ္ဗီတိယော ဝိဝဇ္ဇန္တုဂါထာတော်အား ရွတ်ပွားချီးမြှင့်ခြင်းတို့ဆောင်ရွက်ခဲ့ကြပြီး စာအောင်အရှင်သူမြတ်များအား ဆရာတော်ကြီးများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စာမေးပွဲကျင်းပရေးကော်မတီဝင်များက စာအောင်လက်မှတ်နှင့် စာ‌အောင်ဆုများ ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ စာမေးပွဲကာလ ဆွမ်းအလှူရှင်များနှင့် ကဏ္ဍအသီးသီးမှ အလှူရှင်များအား စာမေးပွဲ ကျင်းပရေးကော်မတီအဖွဲ့က ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ခဲ့ကြကြောင်းနှင့် မြတောင်ဒုတိယနာယကဆရာတော်ကြီးက အနုမောဒနာတရား ဟောကြားခဲ့ပြီး ရေစက်သွန်းချအမျှဝေခြင်းများ ဆက်လက်‌ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)