မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ဆေးကုသခြင်းဆောင်ရွက်

မြို့သစ် ဖေဖေါ်ဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များ၏ ကျန်းမာရေးအား တစ်ဘက်တစ်လမ်းမှ ကူညီစောင့်ရှောက်သည့်အနေဖြင့် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှု၊ မြို့သစ်မြို့နယ် ကျန်းမာရေးဦးစီးဌာနက နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား သွေးတိုး၊ ဆီးချို၊ နှလုံးကျန်းမာရေးအား အခမဲ့စမ်းသပ်စစ်ဆေးခြင်း၊ ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေး​လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ စမ်းသပ်စစ်ဆေးပေးရာတွင် မြို့သစ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးမှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အပတ်စဥ်(ဗုဒ္ဓဟူးနေ့)တိုင်း မြို့နယ်ပြည်သူ့ဆေးရုံဝင်းရှိ သံဃာဆောင်၌ နံနက် ၉ နာရီမှ ၁၂ နာရီအထိ နိုင်ငံဝန်ထမ်း(အငြိမ်းစား)များ အားသွေးခုန်နှုန်းတိုင်းတာခြင်း၊ အဖျားတိုင်းခြင်းများ ဆောင်ရွက်ကာ လိုအပ်သည့် စမ်းသပ်ချက်များအပေါ် အခမဲ့စမ်းသပ်စစ်ဆေးကုသပေးလျက်ရှိကြောင်း မြို့နယ်ဆရာဝန်ကြီးထံက သိရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)