ပန်းတနော်၊ ဖေဖော်ဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မအူပင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးနေမျိူးက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)စနစ်နှင့် စပ်လျဉ်း၍ မဲပေးရာတွင် မြန်ဆန်၍ နားလည်လွယ်ခြင်း၊ ပယ်မဲများမရှိခြင်း၊ အချိန်တိုအတွင်း မဲရလဒ်များရေတွက်နိုင်ခြင်း၊ တိကျသော မဲရလဒ်များရရှိနိုင်ခြင်း၊ ကုန်ကျစရိတ်များ လျော့ချနိုင်ခြင်း၊ ရွေးကောက်ပွဲရလဒ်များကို လျင်မြန်စွာ ကြေငြာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း (Power Point) ဖြင့်ရှင်းလင်းပြောကြားသည်။ ထို့နောက်တက်ရောက်လာသူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးမှုအား လေ့လာခဲ့ကြကြောင်း သိရသည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ပါတီကိုယ်စားလှယ်များ၊ မဲဆန္ဒရှင်ပြည်သူများ (၆၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)