ကသာ ဖေဖော်ဝါရီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ယခုနှစ်နွေစပါးရာသီကာလအတွင်း (၁၁၄၉၁) ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ရာ ဒေသခံတောင်သူများအနေဖြင့် ဖေဖော်ဝါရီလ ပထမပတ်မှ စတင်၍ ထွန်ယက်ဆောင်ရွက်နေကြပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသအတွင်းစားနပ်ရိက္ခာဖူလုံရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် သီးနှံအထွက်နှုန်းဖွံ့ဖြိုးတိုးတက်ရေး၊ သီးနှံစိုက်စွမ်းအားတိုးတက်ရေးတို့ကို ဦးတည်ဆောင်ရွက်လျက်ရှိရာ နွေစပါးသီးနှံများအား ဒေသခံတောင်သူများအနေဖြင့် မျိုးစေ့ချကိရိယာဖြင့် တိုက်ရိုက်စိုက်ပျိုးခြင်း၊ ပျိုးထောင်စနစ်များဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး မျိုးကောင်းမျိုးသန့်စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးရေး၊ သီးနှံပန်းတိုင်များ အထွက်နှုန်းရရှိစေရေးအတွက် စိုက်ပျိုးရေးနည်းစနစ်များကို တောင်သူများနှင့် စိုက်ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကသာမြို့နယ်တွင် နွေစပါးသီးနှံများအား ဖေဖော်ဝါရီ ၁၉ ရက်နေ့အထိ စုစုပေါင်း ဧက (၁၀,၅၉၁) ဧက စိုက်ပျိုးပြီးစီးခဲ့ပြီး ဖြစ်သည်။ ယခင်နှစ်ကာလတူ စိုက်ဧကနှင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၉၃ ရာခိုင်နှုန်း စိုက်ပျိုးပြီးစီးနေပြီး ဆက်လက်စိုက်ပျိုးနေမှုများ ရှိနေကြောင်း တွေ့ရှိရသဖြင့် နွေစပါးစိုက်ပျိုးကာလမှာ မတ်လကုန်ခန်အထိဖြစ်ရာ ယခင်နှစ်ကထက် နွေစပါးများ ရာသီကုန်တွင် ပိုမိုစိုက်ပျိုးနိုင်မည့် အလားအလာရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးကိုကိုလေးထံမှ သိရသည်။
ရဲလင်းထွန်း(ကသာ)