မင်းလှ ဖေဖော်ဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၂) နာရီက ထန်းကိုင်းကျေးရွာဘုန်းကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မြန်မာနိုင်ငံ၌ ၁၉၅၉ခုနှစ် မတ်လ (၁၁) ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းအက်ဥပဒေအမည်ဖြင့် ပြဋ္ဌာန်းကာ အဆိုပါအက်ဥပဒေကို (၁၉၆၂) ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့မှာ စတင်အာဏာတည်ပြီး၊ ၂၀၁၀ပြည့်နှစ်၌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၁၉၅၉ခုနှစ်၊ ပြည်သူ့စစ်မှုထမ်း အက်ဥပဒေအမှတ် ၂၇/၂၀၁၀ဖြင့် ရုပ်သိမ်းခဲ့ပြီး ၂၀၁၀ပြည့်နှစ်နိုဝင်ဘာ(၄)ရက်နေ့တွင်ပြည်သူ့စစ်မှုထမ်းဥပဒေအသစ်ကိုထပ်မံပြဌာန်းခဲ့ ကြောင်းပြောကြားသည်။
ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးမြတ်သူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ခေတ္တမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးစိုးခိုင်၊ဒုတိယဥပဒေအရာရှိဦးအောင်သူမြင့်တို့က ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်ဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းစနစ်ကျင့်သုံးရသည့်အကြောင်းအရင်းများ၊ ပြည်သူ့စစ်မှုထမ်းတို့၏ အကျိုးခံစားခွင့်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလစသည်တို့အား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ကျေးရွာနေပြည်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)