ဒေးဒရဲမြို့နယ်၌ ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၄) သင်တန်းဖွင့်ပွဲကျင်းပ

ဒေးဒရဲ ဖေဖော်ဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက သဘာဝဘေးအန္တရာယ် ဖြစ်ပွားပေါ်ပေါက်လာပါက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များအား အချိန်နှင့် တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စုဖွဲ့ထားသည့် သင်တန်းသားများ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက မြို့နယ်အတွင်းရှိ ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ကာကွယ်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး နည်းစနစ်များကို သင်တန်းသားများက ကြိုးစားသင်ယူသွားရန်နှင့် မြို့နယ်အတွင်းရှိ လူမှုရေး၊ ရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဟန်ဝင်းစိုးက မြို့နယ်အတွင်း ရှာဖွေကယ်ဆယ်ရေးစုဖွဲ့ထားရှိမှုနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အရန်သင့်ပြင်ဆင်ထားရှိမှု များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှ ၂၀၂၄ မတ်လ (၁၅) ရက်နေ့အထိ သင်တန်းသား (၅၀)ဦးအား ရှာဖွေကယ်ဆယ်ရေးနည်းစနစ်များကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း