ဒေးဒရဲ ဖေဖော်ဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အခြေခံပညာဦးစီးဌာနက ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် (Grade-5)၊ (Grade-9)စာမေးပွဲများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးရေးနှင့် စာမေးပွဲဆိုင်ရာလုပ်ငန်းများကို သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ (Grade-5)၊ (Grade-9) စာမေးပွဲဆိုင်ရာ ကြီးကြပ်ရေး ဆရာ၊ ဆရာမများအား လုပ်ငန်းလမ်းညွှန်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကရဝိတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဖျာပုံခရိုင်၊ ပညာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ယဥ်ယဥ်သိမ့်က ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ပညာရေးဌာန ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ခိုင်က (Grade-5)၊ (Grade-9) စာမေးပွဲဆိုင်ရာ လမ်းညွှန်မှာကြားချက်များ၊ လိုက်နာဆောင်ရွက်သွားရမည့် လုပ်ငန်းများ၊ မေးခွန်းများလုံခြုံစွာ သယ်ယူသိမ်းဆည်းရေးလုပ်ငန်းများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းလမ်းညွှန်ဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက (Grade-5) ကြီးကြပ်ရေးမှူး ဆရာ၊ ဆရာမ (၂၀၁)ဦး၊ (Grade-9) ကြီးကြပ်ရေးမှူး ဆရာ၊ ဆရာမ (၉၃)ဦး စုစုပေါင်း (၂၉၄) တက်ရောက်ခဲ့ကြောင်းသိရပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျင်းပလျက်ရှိသည့် နှစ်ဆုံးတတ်မြောက်မှု စာမေးပွဲများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာ ဖြေဆိုပြီးစီးရေးအတွက် မြို့နယ်ပညာရေးဌာနက လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ ကြီးကြပ်ရေးဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း