ညောင်တုန်း ဖေဖော်ဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီက ညောင်တုန်းမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်က နောင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲများတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြုနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် စီစဉ်ဆောင်ရွက်နေမှုများကို ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ မဲဆန္ဒရှင်ပြည်သူများမှ (MEVN)စက်များဖြင့် စမ်းသပ်မဲပေး သရုပ်ပြနေမှုများအား လေ့လာသိရှိ နိုင်စေရန် အသိပညာပေးရမည့် အခြေအနေများအား အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး၊ ခရိုင်ရွေးကောက်ပွဲ အရာရှိ ဦးနေမျိုးက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကို အသုံးပြု၍ မဲပေးမှု အဆင့်ဆင့်အား (Power Point presentation) ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုပြီးသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၅၄)စုမှ မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်း (၆၅၆) ဦးခန့် တက်ရောက်ကာ လက်တွေ့စမ်းသပ် မဲပေးလေ့လာခဲ့ကြပြီး သက်ဆိုင်ရာ ခရိုင်/မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများမှ ရှင်းလင်းပြသ ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)