သဲကုန်း ဖေဖော်ဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းတွင် (၅) နှစ်အောက်ကလေးများ သေဆုံးမှုလျော့ချနိုင်ရန်၊ ကျန်းမာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုကောင်းမွန်စေရန်၊ လက်စွဲကတ်ပြားနှင့် ကုသမှုမှတ်တမ်းပုံစံများ စနစ်တကျအသုံးပြုတက်စေရန် ရည်ရွယ်၍ ယမန်နေ့က မြို့နယ်အဆင့် မကျန်းမာသော မွေးကင်းစကလေးနှင့် ကလေးပေါင်းစည်းကုသခြင်းလုပ်ငန်း (အသက် (၂) လမှ (၅) နှစ်အောက်) ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သဲကုန်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးမင်းထွေးက မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင် ဦးစားပေးဆောင်ရွက်ရမည့် ကိစ္စများအနက်မှ (၅) နှစ်အောက် ကလေးကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းသည် အရေးကြီးသော အခန်းကဏ္ဍဖြစ်ပြီး (၅) နှစ်အောက် ကလေးသေဆုံးမှုနှုန်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာသည့် အဓိကအညွှန်းကိန်းများတွင်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်းကလေးငယ်များတွင် ရောဂါတစ်ခုဖြစ်လျှင် တစ်ခုထက်ပို၍ ဖြစ်တတ်သောကြောင့် ဤသင်တန်းတွင် မကျန်းမာသောကလေးအား ရောဂါတစ်ခုချင်းအလိုက် ကုသမှုလမ်းညွှန်ထက် ကလေးတွင်ဖြစ်နေသော ကျန်းမာရေးပြဿနာအားလုံးကို ခြုံငုံမိသောကုသမှုလမ်းညွှန်ကို လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ကြောင်း အသက် (၂) လမှ (၅) နှစ်အတွင်း ကလေးငယ်များသည် ပြင်းထန်ရောဂါပိုးဝင်ရောက်ခံရပြီး ပြန်လည်နလန်မထပါက မသန်စွမ်းဖြစ်ပြီး သေဆုံးသည်အထိဖြစ်တတ်ကြောင်း၊ (၅) နှစ်အောက် ကလေးများ ဆေးရုံဆေးခန်းရောက်လျှင် ခံစားနေရသော အဓိကရောဂါလက္ခဏာကိုသာ ပြောပြတတ်ကြ၍ အဆင့်မခွဲခြားနိုင်ပါက သေဆုံးမှုများနိုင်သောကြောင့် အဓိကအကြောင်းအရင်းအပြင် ဆက်နွယ်နေသော အကြောင်းအရင်းများကို သိရှိဖော်ထုတ်နိုင်ရန် မြို့နယ်အဆင့်ဆင့်ပွားသင်တန်းများကို ဆက်လက်သင်ကြားပို့ချသွားမှာဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
အဆိုပါသင်တန်းအား သင်တန်းနည်းပြ (၂) ဦးဖြင့် ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှ ဖေဖော်ဝါရီလ (၂၃) ရက်နေ့အထိ (၅) ရက်ကြာ ဖွင့်လှစ်မည်သင်ကြားပေးမည်ဖြစ်ပြီး သဲကုန်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းသင်တန်းသား/ သင်တန်းသူ (၇၇) ဦး တက်ရောက်သင်ကြားကြကြောင်း သိရှိရသည်။
ကိုကျော် (ပြန်/ဆက်)