မြို့သစ်မြို့နယ်တွင် စိုက်ပျိုးထားသည့် ထိုင်ဝမ်သင်္ဘောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မြို့သစ် ဖေဖော်ဝါရီ ၂၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် သန်းကုန်းကျေးရွာတွင် ထိုင်ဝမ်သင်္ဘောစိုက်ခင်းများ စိုက်ပျိုးရောင်းချကာ နေ့စဉ်ပုံမှန်ဝင်ငွေရရှိကြောင်း ထိုင်ဝမ်သင်္ဘောစိုက်ခင်းပိုင်ရှင် ဦးသိန်းမြင့်ထံက သိရသည်။

မြို့သစ်မြို့နယ်၊ သန်းကုန်းကျေးရွာမှ တောင်သူများသည် သီးနှံမျိုးစုံကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိကြပြီး ထိုင်ဝမ်သင်္ဘောစိုက်ခင်းစိုက်ပျိုးခြင်းကိုလည်း နွေ၊ မိုး၊ ဆောင်းရာသီမရွေး ရေလောင်းစိုက်ပျိုးနိုင်ကာ မြေဆီမြေသြဇာကိုအပြင်က ဝယ်ယူစရာမလိုဘဲ မိမိတို့အိမ်တွင် မွေးမြူထားသော နွားချေး၊ မကြီး ရွက်မြေဆွေးများဖြင့် ရောစပ်စိုက်ပျိုးနိုင်ကြောင်း သိရသည်။

ယခုဆိုလျှင် ထိုင်ဝမ်သင်္ဘောစိုက်ခင်းများ၏ တစ်နေ့ရောင်းချ၍ ရသောငွေမှာ(၁၅၀၀၀ ကျပ်)မှ (၂၀၀၀၀ ကျပ်)ထိ ရရှိပြီး ခြံသို့လာရောက်ဝယ်ယူသူများအနေဖြင့် ထိုင်ဝမ်သင်္ဘောသီးတစ်လုံးကို အရွယ်အစားအလိုက် ၁၅၀၀ မှ ၂၀၀၀ အထိ ရောင်းချရသည်။

တစ်ပတ်တစ်ခါ မြို့သစ်မြို့မစျေးကြီးသို့လည်း သွားရောက်ရောင်းချရသည့်အခါလည်းရှိသလို စျေးကိုသွားရောက်ကာ ရောင်းချခြင်းမလိုဘဲ စိုက်ခင်းသို့ လာရောက်ဝယ်ယူကြသည့်သူများ လည်ရှိသောကြောင့် နှစ်စဥ်ထိုင်ဝမ်သင်္ဘောစိုက်ခင်းများကို တိုးချဲ့ကာ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ထိုင်ဝမ်သင်္ဘောစိုက်ခင်းစိုက်ပျိုးသူ ဦးသိန်းမြင့်ထံမှ သိရသည်။

ကိုဇော်(ပြန်/ဆက်)