ချောက် ဖေဖော်ဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ဒေသခံပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ချက်များနှင့်ပတ်သက်၍ သိရှိနားလည်သဘောပေါက်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက၊ အမှတ်(၁)နှင့် အမှတ်(၃) ရပ်ကွက်ရှိ ဓမ္မာရုံများတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစစ်ငြိမ်းအေးက ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းရမည့်အသက်အရွယ်၊ စစ်မှုထမ်းရမည့်ကာလနှင့် ကင်းလွတ်ခွင့်ရှိသူများကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့ ဒုရဲမှူးသန့်ဇင်ထူးက စစ်မှုထမ်းဥပဒေဆိုင်ရာ သိသင့်သိထိုက်သည့် အချက်များကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များကို တက်ရောက်လာသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် ရပ်ကွက်နေပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)