နတ်တလင်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေး

နတ်တလင်း ဖေဖော်ဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ဒေသခံပြည်သူများ မီးဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးမှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေစိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဌေးအောင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်ဦးလတ်နှင့်ဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်မင်းထွေးတို့ပူးပေါင်း၍ မြို့မရပ်ကွက်၊ စာတိုက်လမ်းရှိ စွန္နိဂျာမေဗလီ၌ မီးသုံးစွဲမှုအခြေအနေ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးရှိစေရေး ရေ၊ သဲ၊ မီးချိတ်၊ မီးကပ်၊ လှေကားများ ညွှန်ကြားချက်နှင့်အညီ ထားရှိခြင်း ရှိ/ မရှိ စစ်ဆေးခြင်း၊ လျှပ်စစ်ဝါယာကြိုးများ သွယ်တန်းမှုစနစ်တကျရှိရေး၊ မီးသတ်ဆေးဗူးများ စနစ်တကျသုံးစွဲတတ်စေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ မီးဘေးအန္တရာယ်ဖြစ်ပွားပါက ဆောင်ရွက်ရမည့် နည်းလမ်းများ၊ မီးဘေးအန္တရာယ်ဖြစ်ပွားပြီးပါက ဆောင်ရွက်ရမည့် နည်းလမ်းများကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး (ပြန်/ဆက်)