(၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ဖလမ်း ဖေ‌ဖော်ဝါရီ ၂၀

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ၂၀၂၄ခုနှစ် (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ချင်းပြည် နယ် အလံတို့အား အလေးပြုခဲ့ကြသည်။ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသေရစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ သဝဏ်လွှာကို ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်းက ဖတ်ကြားသည်။

ဆက်လက်၍ ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကို မြို့မိမြို့ဖ ဥက္ကဋ္ဌ ဦးရူလ်ဇမ်းက ဖတ်ကြားပြီး ချင်းရိုးရာ ယဉ်ကျေးမှုအဖွဲ့က ရိုးရာအက (Hnam Nun Mawi) သီချင်းဖြင့် ကပြ ဖျော်ဖြေခဲ့ကြသည်။

ထို့နောက် ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ရိုးရာယဉ်ကျေးမှုအကအဖွဲ့အား ဂုဏ်ပြု ဆုငွေပေးအပ် ချီးမြှင့်ခဲ့သည်။ အခမ်းအနားသို့ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်မြို့ နယ် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့မိမြို့ဖများ တက်ရောက်ကြပြီး အခမ်းအနား သို့ တက်ရောက်လာသူများအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

ရဲမြင့်အောင်(ပြန်/ဆက်)