ပြည်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံဈေးရောင်းပွဲတော်ကျင်းပ

ပြည် ဖေဖော်ဝါရီ ၂၀

ပြည်တက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းနေပျော်၍ စိတ်ချမ်းမြေ့ပျော်ရွှင်စေရန်၊ အချင်းချင်းချစ်ခင်ရင်းနှီး စည်းလုံးညီညွတ်မှုများပိုမိုရရှိပြီး ပူးပေါင်းဆောင်ရွက်လိုစိတ်များပိုမိုတိုးပွားရရှိလာစေရန်၊ မြန်မာ့ရိုးရာအစားအစာများနှင့် တိုင်းရင်းသားရိုးရာအစားအစာများကို မြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်ပြုလုပ်သော ပြည်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံဈေးရောင်းပွဲတော်ကို ယနေ့နက်ပိုင်းက ယင်းတက္ကသိုလ် အားကစားခန်းမရုံအနီး ကွင်းပြင်၌ကျင်းပရာ ဘာသာရပ်ပေါင်းစုံ မိသားစုများ၊  ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ဈေးရောင်းပွဲတော်တွင် ပြည်တက္ကသိုလ်ဘာသာရပ်ပေါင်းစုံမှ ဈေးဆိုင်ခန်း ၁၆ ခန်းဖွင့်လှစ်၍ သက်သာသောဈေးနှုန်းဖြင့် ကောက်ညှင်းပေါင်းနှင့်ငါးရံ့ခြောက်ဖုတ်၊ ထမနဲ၊ နန်းကြီးသုပ်၊ ရွှေရင်အေး၊ ရခိုင်မုန့်တီနှင့် ရှမ်းရိုးရာအစားအစာများအပါအဝင် အခြားမြန်မာ့ရိုးရာနှင့် တိုင်းရင်းသားရိုးရာအစားအစာများစုံလင်စွာ ရောင်းချပေးလျက်ရှိကာ တက္ကသိုလ်ဘာသာရပ်ပေါင်းစုံမိသားစုများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများလာရောက်ဝယ်ယူအားပေးကြပြီး ဈေးရောင်းပွဲတော်တွင် ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။

ထိုသို့ ဈေးရောင်းပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲနေမှုအား ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ဆန်းဌေးမောင်၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ပြည်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသက်လွင်နှင့် ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/စီမံဌာနမှူးများက လိုက်လံကြည့်ရှုအားပေးကြကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)