ရွှေတောင်မြို့နယ်တွင် ၂၀၂၄- ခုနှစ် နွေစပါးလျာထားဧက (၂၂၅၇) ဧကရှိပြီး စိုက်ပျိုးပြီးဧက (၁၈၃၁) ဧက စိုက်ပျိုးပြီးစီး

ရွှေတောင် ဖေဖော်ဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်၊ ရွှေတောင် မြို့နယ်တွင် ၂၀၂၄-ခုနှစ် နွေစပါးလျာထားဧက (၂၂၅၇) ဧကရှိပြီး စိုက်ပျိုးပြီးဧက (၁၈၃၁) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ရွှေတောင်မြို့နယ်တွင် ၂၀၂၄- ခုနှစ် နွေစပါးစိုက်ပျိုးသောစပါးမျိုးများမှာ ရက် ၉၀ စပါး၊ ရတနာတိုး၊ ဗီယက်နမ်စပါးမျိုးများဖြစ်ပြီး နွေစပါးစိုက်ပျိုးရာတွင် ပျိုးထောင်စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း၊ Drum Seeder လက်ဆွဲကောက်စိုက်ကိရိယာတို့ဖြင့် စိုက်ပျိုး၍ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စပါးအထွက်နှုန်း တိုးတက်ကောင်းမွန်ရေးအတွက် မျိုးစပါးများဖြန့်ဖြူးပေးခြင်း မြေဩဇာသွင်းအားစုများ ဖြန့်ဖြူးပေးခြင်းနှင့် စိုက်ပျိုးရေးနည်းစနစ်များအား ကွင်းထဲအရောက်အသိပညာပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လယ်ယာကဏ္ဍသီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်ရေး၊ အရည်အသွေးကောင်းမွန်ရေး၊ ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံပိုလျှံစေရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စိုက်ညှိအဖွဲ့များမှ တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကိုကို မင်း (ပြန်/ဆက်)