ရေတာရှည်မြို့၌ ဆီထွက်သီးနှံ နေကြာစိုက်ခင်းများ ရိတ်သိမ်းတစ်ဧကလျှင် တင်း ၃၀ ကျော် အထွက်နှုန်းရရှိ

ရေတာရှည် ဖေဖော်ဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံရေးနှင့် မျိုးကောင်းမျိုးသန့်ရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာများကူညီပံ့ပိုးမှုဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နေကြာစိုက်ဧက (၁၈၅၉) ဧက စိုက်ပျိုးထားရှိပြီး ယခုလက်ရှိအချိန်တွင် ရိတ်သိမ်းဧက (၁၁၁၅) ဧကရိတ်သိမ်းပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နေကြာသီးနှံစိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီပြီး မျိုးကောင်းမျိုးသန့်ဖြစ်သည့် ရေဆင်းစပ်မျိုး (၁)၊ ဆင်းရွှေကြာ (၂) နေကြာမျိုးများအား အဓိကစိုက်ပျိုးကြကြောင်း၊  ၄င်းနေကြာမျိုးအားစိုက်ပျိုးရာတွင် အပင်ပေါက် ၈၀ ရာခိုင်နှုန်းအထက်တွင်ရှိပြီး တစ်ဧကလျှင် မျိုးစေ့ (၄) ပြည် စိုက်ပျိုးနိုင်ကြောင်း၊  တန်းခြား (၂) ပေခြားနှင့် (၉) လက်မတစ်ကျင်း မျိုးစေ့ (၂) စေ့ချ စိုက်ပျိုးပါက အပင်ပေါက်သေချာနိုင်ကြောင်း၊ နေကြာတစ်ဧက ကုန်ကျစရိတ်အနေဖြင့်ကျပ် သုံးသိန်းခန့်ကုန်ကျပြီး တစ်ဧကအထွက်နှုန်းမှာ ၃၁ တင်းမှ ၃၅တင်းအထိထွက်ရှိကြောင်း၊ နေကြာစျေးနှုန်းအနေဖြင့် ယခင်နှစ်တွင် နေကြာတစ်တင်းလျှင် ၂၅၀၀၀ ကျပ်နှုန်းရှိပြီး ယခုနှစ်တွင် နေကြာတစ်တင်းလျှင် ၃၅၀၀၀ ကျပ်နှုန်းဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် ကျပ် ၁၁ သိန်းဝန်းကျင်ခန့်ရရှိကြောင်း မြို့နယ်စိုက်ပျိုးရေးမန်နေဂျာထံမှ သိရသည်။

နေကြာသီးနှံသည် သက်တမ်းတိုမျိုးဖြစ်ပြီး ကုန်ကျစရိတ်လည်းသက်သာကာ မိသားစုအတွက် စားသုံးဆီဖူလုံမှုရရှိသဖြင့် တောင်သူများ အများဆုံးစိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။

ဇော်ထက်