ဝေါမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဝေါ ဖေဖော်ဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အရှေ့ဘက်ကမ်းရပ်ကွက်မင်းလမ်း၌ စက်သုံးဆီဆိုင်များနှင့် တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးစီးမှူးဦးဇေယျာဖြိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်လင်းရာသီ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အရှေ့ဘက်ကမ်းရပ်ကွက်အတွင်းရှိ စက်သုံးဆီဆိုင်များနှင့် နေအိမ်များအတွင်း လျှပ်စစ်မီး၊ မီးဖိုသုံးစွဲဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးခပ်၊ သဲပုံး၊ ရေပုံးများအရန်သင့်ထားရှိစေရေးနှင့် မီးသတိ၊ မီးအသိရှိစွာဖြင့် စနစ်တကျသုံးစွဲဆောင်ရွက်သွားရန်နှင့် ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးဆွေးနွေးကာ လိုအပ်သည်များကို မှာကြားဆောင်ရွက်ခဲ့ကြောင်း၊ ဆက်လက်ပြီးကျန်ရှိသော မြို့ပေါ်ရပ်ကွက်များအတွင်း အလှည့်ကျစစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)