ပေါက်ခေါင်းမြို့နယ် ငှက်တော်ဦးကျေးရွာ၌ (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကျင်းပ

ပေါက်ခေါင်း ဖေဖော်ဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ငှက်တော်ဦးကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီး ဦးစောလင်းအောင်ထံမှပေးပို့သော (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့သဝဏ်လွှာကို ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူ‌မောင်က ဖတ်ကြားသည်။ ဆက်လက်၍ ပေါက်ခေါင်းမြို့နယ် အရှိုချင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဆလိုင်းစိန်မြင့်ကြိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အရှိုချင်းတိုင်းရင်းသားစာပေစာမေးပွဲတွင် ထူးချွန်ဆုရရှိသူများနှင့် စာပေသင်ကြားရေးနှင့် မိမိတိုင်းရင်းသားရိုးရာယဉ်ကျေးမှု၊ ထိန်းသိမ်းနိုင်မှု ကျင့်သုံးနိုင်မှု ထူးချွန်ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်၊ အတွင်း‌ရေးမှူးရဲမှူးကိုကိုနိုင်နှင့် အဖွဲ့ဝင် (၃) လဝကဦးစီးမှူး ဦးစိုးတင့်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး အရှိုချင်းတိုင်းရင်းသား၊ တိုင်းရင်းသူလေးများက တိုင်းရင်းသားရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)