ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှဆေးဝါးများနှင့် ပတ်သက်သည့်အကြောင်းအရာများ သိရှိစေရန် ဆေးဆိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အသိပညာပေးဆွေးနွေးပွဲတွင် တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ တိုင်းဒေသကြီး တာဝန်ခံ ဒေါက်တာစိုင်းမင်းသူထွန်းက ဆေးဝါများနှင့်ပတ်သက်သည့် သိရှိလိုက်နာရမည့်အချက်များ၊ FDA မှ သတ်မှတ်ထားသော စည်းကမ်းချက်များ၊ အမျိုးသားဆေးဝါးဥပဒေအကြောင်းအရာများ၊ ဆေးဆိုင်များ ဖွင့်လှစ်ရောင်းချရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ် ကြည့်ရှုစစ်ဆေးနည်းများအား အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာကြသူများက မိမိတို့သိရှိလိုသည်များအား မေးမြန်းခဲ့ရာ တိုင်းဒေသကြီးတာဝန်ခံက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ သန့်ရှင်းလတ်ဆတ်သော အစားအသောက်များနှင့် တိကျခိုင်မာမှုရှိသော စားသောက်ကုန်များ စားသုံးနိုင်စေရန်ရည်ရွယ်၍ မြို့နယ်များအလိုက် ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)