တောင်တွင်းကြီး ဖေဖော်ဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက မောင်းတိုင်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြား၊ စစ်မှုထမ်းဆောင်ရမည့် ကာလ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရမည့်သူများ၊ စစ်မှုထမ်းဆောင်ခြင်းမှ ယာယီရွှေ့ဆိုင်းခွင့်ရနိုင်သူများ၊ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ရရှိနိုင်မည့် အခွင့်အရေးများ၊ စစ်မှုထမ်းဆောင်ခြင်းမှ ရှောင်လွှဲပါက ကျသင့်မည့်ပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များကို ရှင်းလင်းပြောကြားပြီး၊ ယခုကာလသည် ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်ခြင်းမရှိသေးသဖြင့် မလိုလားအပ်သည့် မီဒီယာအချို့၏ ကောလာဟလလုပ်ကြံသတင်းများကြောင့် စိုးရိမ်ကြောင့်ကြဖြစ်ရန် မလိုကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့ ဌာန/ရပ်ကွက်များတွင် ယခုရှင်းလင်းပွဲမှဖြန့်ဝေလိုက်သည့် လက်ကမ်းစာစောင်ပါ အချက်အလက်များအတိုင်း တစ်ဆင့်ပြန်လည်မျှဝေအသိပေးကြစေလိုကြောင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ/စာရေးဝန်ထမ်းများအနေဖြင့် မိမိတို့ရပ်ကွက်အလိုက် လူဦးရေစာရင်းများကို မှန်ကန်မှုရှိအောင် ပြုစုထားရှိရမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။ ယင်းနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မေးမြန်းသည်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ခိုင်ထွန်းတို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)