အိမ်မဲ ဖေဖော်ဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ပိုင်းက ဘုရားကြီးကုန်းကျေးရွာအုပ်စု ဆိတ်ချေးကုန်း ကျေးရွာတွင် ဆက်လက်ဆောင်ရွက်ခဲ့သည်။
ထိုကဲ့သို့ ဆောင်ရွက်လျက်ရှိရာ အိမ်မဲမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးဝေယံစိုး လမ်းညွှန်မှုဖြင့် ဒုမီးသတ်ဦးစီးမှူး ဦးတင်မျိုးလွင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ၊ စာရေးနှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူး တို့မှ ပူးပေါင်း၍ မီးဘေးကြိုတင် ကာကွယ်ရေးအတွက် သုံးစွဲပြီးသော မီးဖိုများ မီးကြွင်း၊ မီးကျန်မှ တစ်ဆင့် မီးလောင်ကျွမ်းခြင်း၊ မီးလှန့်ခြင်းများ မဖြစ်ပေါ်စေရေးအတွက် အသိပညာပေး ဟောပြောခြင်း၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ အဆင်သင့် ထားရှိမှု ရှိ/မရှိ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
အိမ်မဲမြို့နယ်အတွင်း မီးဘေးလုံခြုံရေးအတွက် အသိပညာပေး ကြေညာချက်များကို အသံချဲ့ စက်များဖြင့် မြို့ပေါ် (၅)ရပ်နှင့် ကျေးရွာအုပ်စု (၉၇) အုပ်စုတို့တွင်လည်း ညစဥ် မြို့နယ်မီးသတ်တပ်ဖွဲ့ များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊ စာရေးဝန်ထမ်းများက ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချစ်သက်လယ် (ပြန်/ဆက်)