ရှမ်းရွာသစ် ဖေဖော်ဝါရီ ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများအနေဖြင့် အလွယ်တကူဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များကို လစဉ်ပြသဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးလုပ်ငန်းတွင် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နော်မုနော်ဂေက လူကုန်ကူးမှုဖြစ်ပေါ်လာခြင်း၏ တွန်းအားပေးချက်များနှင့် ဖြစ်ပွားရခြင်း၏ အကြောင်းအရင်းများကို စကောကရင်ဘာသာဖြင့် အသိပညာပေးဟောပြောပြီးနောက် ကမ္ဘာတစ်ဝန်းတွင် လူကုန်ကူးမှုဖြစ်ပွားမှုအခြေအနေ၊ မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းဗျူဟာ (၄)ရပ်၊ လူကုန်ကူးမှု၏ အစိတ် အပိုင်း (၃)ရပ်၊ လူကုန်ကူးခံရသူများ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအမျိုးသားအဆင့် (၅)နှစ်စီမံကိန်း၏ ကဏ္ဍများ၊ လူကုန်ကူးမှုကို အဓိကဆွဲဆောင်သော အကြောင်းအရာများ၊ လူကုန်ကူးခံရသူများကို အကူအညီပေးရမည့် လိုအပ်ချက်များနှင့်ပြစ်မှု၊ပြစ်ဒါဏ်များစသည့် လူကုန်ကူးမှုဆိုင်ရာသိသင့်သိထိုက်သည့် အကြောင်းအရာများကို ပြသဆောင်ရွက်ထားရာ Grade -5ကျောင်းသား/သူများက စိတ်ဝင်စားစွာကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)