မိုးညိုမြို့နယ် စည်ပင်သာယာဈေး မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်း ပူး‌ပေါင်းဆောင်ရွက်

မိုးညို ဖေဖော်ဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာဈေး မီး‌ဘေးကြိုတင်ကာကွယ်‌ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ဈေးကော်မတီဝင်များနှင့် ဈေးသူဈေးသားများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ဇော်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ မိုးညိုမြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ယာဉ် (၄) စီးဖြင့် သရုပ်ပြရေဖျန်းမီးငြိမ်းသတ်ခြင်း၊ ရေစိုအဝတ်ဖြင့် မီးငြိမ်းသတ်နည်း၊ မီးသတ်ဆေးဗူးအသုံးပြုပုံနှင့် မီးငြိမ်းသတ်နည်းများကို လက်တွေ့ပြသခြင်းများ ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးသိန်းသန်းစိုးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါဆောင်ရွက်ခြင်းသည် ပွင့်လင်းရာသီဖြစ်သည့်အတွက် မီးသတိပြုရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး၊ ဈေးများတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးဘေးအန္တရာယ်ဖြစ်ပွားပါက မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဈေးမီးဘေးလုံခြုံရေးအဖွဲ့ဝင်များပူးပေါင်း၍ စနစ်တကျထိရောက်စွာ ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)