ပေါက်ခေါင်းမြို့နယ်၌ ဆောင်းသီးနှံမတ်ပဲစိုက်တောင်သူများ သီးနှံဖြစ်ထွန်းအောင်မြင်ပြီး ရောင်းချချိန်တွင် ဈေးကောင်းရရှိ

ပေါက်ခေါင်း ဖေဖော်ဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဆောင်းသီးနှံမတ်ပဲစိုက် တောင်သူများအနေဖြင့် ယခုနှစ်သီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး မတ်ပဲပေါ်ချိန်ဈေးကွက်သို့ ရောင်းချရာတွင် ယခင်နှစ်ကထက်ဈေးနှုန်းပိုမိုရရှိကြောင်း ဒေသခံမတ်ပဲစိုက်တောင်သူများထံမှ သိရသည်။

ပေါက်ခေါင်းမြို့နယ်အတွင်း ဆောင်းသီးနှံမတ်ပဲစိုက်တောင်သူများအနေဖြင့် နှစ်စဉ်နိုဝင်ဘာလ မိုးစပါးရိတ်သိမ်းပြီးစ မြေအစိုဓာတ်ရရှိချိန်တွင် စတင်ထွန်ယက်စိုက်ပျိုးပြီး ဖေဖော်ဝါရီလဆန်းပိုင်းတွင် နှုတ်သိမ်းနိုင်ကြောင်း သိရသည်။ “ဖေဖော်ဝါရီလဆန်းကစပြီး မတ်ပဲနှုတ်တယ် ၃ ရက်လောက်နေလှန်းပြီး ချွေ့လှေ့စက်နဲ့ ချွေလှေ့ပါတယ်၊ ပြီးတော့ဈေးကွက်မှာ ရောင်းချတာပေါ့၊ ဈေးနှုန်းကတော့ ပဲတစ်တင်းကို (၁၁၅၀၀ဝိ/) ကျပ်ရပါတယ်၊ ဈေးအတက်အကျတော့ရှိပါတယ်၊ ဈေးကောင်းရရှိချိန်မီတယ်ပေါ့၊ မနှစ်ကတော့ တစ်တင်းကိုဈေးအမြင့်ဆုံး (၆၁၀၀ဝိ/) ထိပဲရပါတယ် ဒီနှစ်တော့ ဈေးပိုရတယ်၊ လက်ရှိဈေးနှုန်းလောက်အတိုင်းဆို တောင်သူတွေအနေနဲ့လည်း လုပ်ကိုင်ရတာ အဆင်ပြေပါတယ်” ဟု မတ်ပဲဈေးနှုန်းရရှိမှုအပေါ် တောင်သူတစ်ဦးက ပြောကြားသည်။

"အခုမတ်ပဲနှုတ်ချိန်မှာ ဒေသခံတွေလည်းအလုပ်အကိုင်ရရှိတာပေါ့၊ ပဲနှုတ်ခတစ်ယောက်ကို နေ့စား တစ်မနက်ကို ၄၀၀၀ ကျပ်၊ နေ့လည်ဘက်ပါနှုတ်ရင် ၈၀၀၀ ကျပ်ပေါ့၊ ပဲချွေလှေ့ခ တစ်တင်းကို ၄၀၀၀ ကျပ်ပေးရတယ်၊ တချို့လည်း ၅၀၀၀ ပေးရတယ်၊ အပင်အားကောင်းဖို့နဲ့ အသီးအားကောင်းဖို့အတွက် အပင်အားဆေးနဲ့ အသီးအားဆေးတွေတော့ ဖျန်းပေးရတယ်၊ ဒီနှစ် တစ်ဧကကို တင်း ၂၀ နီးပါးထွက်ပါတယ်၊ ပဲမျိုးကတော့ ဒေသအခေါ် ပဲကန်စွန်းမျိုးကို အဓိကစိုက်ပျိုးပြီးပါတယ်" ဟု ယခုနှစ်မတ်ပဲ ၆ ဧကစိုက်ပျိုးထားသည့် စောကဲကျေးရွာမှ တောင်သူဦးတင်မောင်က ပြောကြားသည်။

တောင်သူများအနေဖြင့် မိမိတို့စိုက်ပျိုးမြေများတွင် မိုးစပါး၊ ဆောင်းသီးနှံ ပဲ၊ ပြောင်း၊ နှမ်း၊ နေကြာ သီးနှံများအပြင် မတ်ပဲသိမ်းပြီးချိန် စိုက်ပျိုးမြေများတွင်နွေစပါးသီးနှံကို ထပ်မံစိုက်ပျိုးရန်အတွက် စိုက်ပျိုးမြေများ ကြိုတင်ပြင်ဆင်ထားရှိကြောင်းနှင့် တစ်ရာသီလျှင် သုံးသီးစားအထိ စိုက်ပျိုးလျက်ရှိကြောင်း ထပ်မံသိရှိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)