မကွေး ဖေဖော်ဝါရီ ၂၀
မကွေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်မှုဖြင့် သဘာဝဘေးရင်ဆိုင်တုံ့ပြန်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ သဘာဝဘေးနှင့်ပတ်သက်၍ အရေးပေါ်အခြေအနေ ကြုံတွေ့လာလျှင် ထိရောက်သည့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုနည်းလမ်းများ၊ အတွေ့အကြုံကောင်းများကို ပေါင်းစပ်ပြီး စနစ်တကျ စီမံဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် သဘာဝဘေးစီမံခန့်ခွဲမှုဆိုရာမှာ ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ခြင်း၊ ဖြစ်ပွားလာပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် ရေရှည်တည်တံ့သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူလူထုများ ဟန်ချက်ညီညီ၊ ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းမှ ပို့ချဆွေးနွေးမှုများကို စိတ်ဝင်တစား ဂရုတစိုက် သင်ယူမှတ်သားလေ့လာပြီး ရရှိသည့် အသိပညာ၊ ဗဟုသုတအတွေ့အကြုံများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ကျရာကဏ္ဍမှ ပူပေါင်းပါဝင်ဆောင်ရွက်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး အဆိုပါသင်တန်းကို မကွေးတိုင်းဒေသကြီးမှ တိုင်းအဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းလူငယ် သင်တန်းသား၊ သင်တန်းသူ(၅၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့်ပတ်သက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာဘာသာရပ်အလိုက် ဖေဖော်ဝါရီ(၂၀)ရက်နေ့မှ(၂၆)ရက်နေ့အထိ တစ်ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)