စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် Pfizer COVID Vaccine ထပ်ဆောင်းထိုးနှံနေမှုအား ကြည့်ရှုစစ်ဆေး

မုံရွာ ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိပြီး ပြည်သူများအား Pfizer COVID Vaccine  ထပ်ဆောင်းထိုးနှံနေမှုအား အားပေးကြည့်ရှုရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာ မြင့်ကျော်က ယခုဆေးသည်ဂျာမဏီနိုင်ငံထုတ်ဆေးဖြစ်ပါကြောင်း၊ အသက် (၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၆၅)နှစ်အထက် ပြည်သူလူထုများ၊ အသက် (၁၈)နှစ်နှင့်အထက် နာတာရှည် ရောဂါရှိသူများနှင့် ကိုယ်ခံအားကျဆင်းသည့် ရောဂါရှိသူများ ကိုယ်ဝန်ဆောင်မိခင်များ စသဖြင့် ရောဂါဖြစ်ပွားနိုင်ခြေရှိသော အုပ်စု၊ ရောဂါဒဏ်ခံစားရနိုင် သောအုပ်စု စသည်ဖြင့် ဦးစားပေးထိုးနှံမည့်အုပ်စုများအလိုက် ထိုးနှံဆောင်ရွက်ပေးနေပါကြောင်း၊ ယခုကာကွယ်ဆေးသည် ထပ်မံပေါ်ထွက်နေသော ဗီဇပြောင်းမျိုးကွဲပိုးများအတွက်ပါ ကာကွယ် ပေးနိုင်ပါကြောင်း၊ သို့သော်လည်း ဆေးအားစတင်တောင်းခံချိန်၊ ပေးပို့ချိန်မှစပြီး ရက်သတ္တ ၈ ပတ်မှ ၁၀ ပတ်အတွင်းသာ အသုံးပြုရမည်ဖြစ်သောကြောင့် ရည်မှန်းလူဦးရေတွက်ချက်ပြီး ထိုးနှံ ပေးနေပါကြောင်း၊ ကာကွယ်ဆေးတစ်လုံးလျှင် လူဦးရေ  ၇ ဦးအား ထိုးနှံနိုင်ပါကြောင်း၊ မုံရွာမြို့ တွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ ထိုးနှံဆောင်ရွက်ပေးနေရာ စတင်ထိုးနှံချိန်မှ ယမန်နေ့အထိ လူဦးရေ ၁၆၀၀ ကျော်ထိုးနှံပေးပြီးဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့မှုအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ညနေပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မုံရွာမြို့ ပြည်သူ့အားကစား ကွင်းတွင် ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်း အနားသို့ တက်ရောက်ပြီး ဟုမ္မလင်းခရိုင် အသင်းနှင့် မုံရွာခရိုင်အသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင် ကစားနေမှုအား ကြည့်ရှုအားပေးရာ မုံရွာခရိုင်အသင်းက ဟုမ္မလင်းခရိုင်အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသွားကြောင်း သိရသည်။

ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပထမဆုရရှိသော မုံရွာခရိုင် အသင်းကို တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေကျပ် တစ်ဆယ်သိန်းနှင့် တံခွန်စိုက်ဆုဖလားအား  တိုင်းဒေသကြီး ဝန်ကြီးချုပ်က လည်းကောင်း၊ ဒုတိယဆုရရှိသော ဟုမ္မလင်းခရိုင်အသင်းကို တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ခုနှစ်သိန်းနှင့် ဆုဖလားအား တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးဇော်ထူးက လည်းကောင်း၊ တတိယဆုရရှိသော ကောလင်း ခရိုင်အသင်းကို တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ငါးသိန်းနှင့် ဆုဖလားအား တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက လည်းကောင်း၊ နေရာအလိုက်နှင့် ပွဲစဉ်တလျှောက် အကောင်းဆုံး အားကစားသမားဆုရရှိသူများကို  ဆုတံဆိပ်နှင့် ဂုဏ်ပြု ချီးမြှင့်ငွေ ငါးသောင်းကျပ်စီတို့ကို တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနှင့် လူမှုရေးရာဝန်ကြီး  ဦးညွှန့်ဝင်းအောင်တို့က ချီးမြှင့်ပေးခဲ့သည်။

အဆိုပါ ၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကြီးကို ဇန်နဝါရီလ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ မုံရွာမြို့ ပြည်သူ့အားကစားကွင်းတွင်  တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၃ ခရိုင်မှ ပြိုင်ပွဲဝင်အားကစားသမား ၂၈၆ ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)